အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရှိန်မြင့်လာနေတဲ့အပေါ် ကုလအထူးကိုယ်စားလှယ် သတိပေး

အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရှိန်မြင့်လာနေတဲ့အပေါ် ကုလအထူးကိုယ်စားလှယ် သတိပေး

အာဖဂန်နစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ သေကြေထိခိုက်မှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ များလာနေကြောင်း အာဖဂန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Deborah Lyons က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေထဲမှာပဲ အာဖဂန်စစ်ပွဲဟာ သေဆုံးမှုနဲ့ ပျက်စီးမှုပိုများတဲ့ အဆင့်သစ်ထဲကို ဝင်လာပြီဖြစ်ကြောင်းနဲ့ တာလီဘန်တွေဟာ ဇွန်နဲ့ ဇူလိုင်လတွေ အတွင်းမှာ ကျေးလက်ဒေသတွေကို သိမ်းပိုက်ဖို့ လုပ်ခဲ့သလို နယ်မြေအတော်များများကို သိမ်းထားနိုင်ခဲ့ကြောင်းနဲ့ ဒီလို လုပ်နိုင်ရာကနေ မြို့ကြီးတွေကို တိုက်ခိုက်ဖို့ စလုပ်နေပြီလို့ သောကြာနေ့က လုံခြုံရေးကောင်စီကို ပြောလိုက်တာပါ။

အာဖဂန် နိုင်ငံရေးပြဿနာ အဖြေရှာဖို့ တာလီဘန်တွေရဲ့ကတိကဝတ်အတွက်လည်း သူမက မေးခွန်းထုတ်ခဲ့တာပါ။ ညှိနှိုင်းမှုနဲ့ အဖြေရှာဖို့ တကယ်တမ်းလုပ်မယ် ဆိုရင် အရပ်သားသေကြေဒဏ်ရာရမှု ဒီလောက်များမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။
အာဖဂနစ္စတန်နိုင်ငံကနေ အမေရိကန်နဲ့ နေတိုးမဟာမိတ်တပ်ဖွဲ့တွေ ထွက်ခွါနေတဲ့ မကြာသေးခင် လပိုင်း အတွင်းမှာ တာလီဘန်တွေက အာဖဂန်စိုးရတပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါ။

သောကြာနေ့မှာလည်း တာလီဘန်တွေက ပြည်နယ်မြို့တော် တခုကို သိမ်းပိုက်ခဲ့ပြီး Kabul မြို့တော်မှာလည်း ထိပ်တန်းအစိုးရပြောခွင့်ရ ပုဂ္ဂိုလ် တဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အဓိကကျတဲ့ နယ်စပ်တွေကိုလည်း မကြာသေးခင်ကပဲ ထိန်းချုပ်ထားပါတယ်။
မြို့ကြီးတွေကို တိုက်ခိုက်ရင် အရပ်သားသေကြေမှု အများအပြား ကြုံရနိုင်တယ် ဆိုတာကို သိပေမယ့် ဒါဟာ တာလီဘန်တွေရဲ့ မဟာဗျူဟာကျ ဆုံးဖြတ်ချက် ဖြစ်ပုံရတယ် လို့လည်း အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောပါတယ်။
မနှစ်က စတင်တဲ့ Doha ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အဖြေရှာနိုင်မယ်လို့ မျှော်လင့်ထားတာတွေကလည်း အခု တာလီဘန်တွေရဲ့ လုပ်ရပ်ကြောင့် မှေးမှိန်တော့မယ့် ပုံမြင်နေရတယ်လို့လည်း ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြီး နိုင်ငံရေးညှိနှိုင်းအဖြေရှာကြဖို့ အမေရိကန်အကြီးတန်း သံအရာရှိ Jeffrey DeLaurentis ကလည်း တာလီဘန်တွေကို ပန်ကြားခဲ့ပြီး အာဖဂန်နစ္စတန်မှာ စစ်တပ်အာဏာယူတာ ဒါမှမဟုတ် တာလီဘန်အစ္စလန်မစ်နိုင်ငံ ပြန်ထူထောင်တာကို နိုင်ငံတကာအသိုင်းဝိုင်းက လက်မခံဘူးဆိုတာ တာလီဘန်တွေ သိထားရမှာ ဖြစ်ကြောင်းပြောပါတယ်။
အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Ghulam Isaczai ကလည်း အာဖဂန်ကပ်ဆိုက်မယ့် အခြေနေမရောက်အောင် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

VOA NEWS

Leave a Reply

Your email address will not be published. Required fields are marked *