စစ်ဘေးရှောင် ၂ သိန်းကျော် အရေးပေါ်အကူအညီရရှိရေး အခက်ကြုံ (ကုလပြောခွင့်ရ Dujarric)

စစ်ဘေးရှောင် ၂ သိန်းကျော် အရေးပေါ်အကူအညီရရှိရေး အခက်ကြုံ (ကုလပြောခွင့်ရ Dujarric)

 

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ မိုးရာသီ ရေကြီးမှုတွေ ကြုံနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

 

စစ်အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း နိုင်ငံနေရာတော်တော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အပေါ် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေ စိုးရိမ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။

“နိုင်ငံ အနောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူ ၂၂၀,၀၀၀ ကျော် ရှိပါတယ်။ COVID-19 ကူးစက်မှုတွေ တိုးလာနေသလို၊ မုတ်သုန်ရာသီမိုးကြောင့် မကြာသေးခင်က လူပေါင်းထောင်ချီ ရေဘေးသင့်ခဲ့တဲ့ အချိန်မှာပဲ အခုလိုအခြေအနေနဲ့ ကြုံနေရတာပါ။

 

စားနပ်ရိက္ခာ မလုံလောက်မှု အခြေအနေတွေ ကြီးထွားလာနေသလို ကျန်းမာရေး၊ ဘဏ်လုပ်ငန်းတွေလို အရေးကြီးတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေမှာလည်း အဟန့်အတားတွေ ဆက်လက် ပေါ်ပေါက်နေပါတယ်။” လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stéphane Dujarric က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အရေးပေါ် အကူအညီနဲ့ အကာအကွယ် လိုအပ်နေသူ လူ ၃ သန်းလောက်အတွက် စာနာမှုအကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ဖို့ ကြိုးစားပေမဲ့ အသွားအလာ ကန့်သတ်ချက်တွေ၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး အစီအမံတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကြောင့် အဟန့်အတားတွေ ရှိနေကြောင်းလည်း ပြောပါတယ်။

 

ကိုဗစ်ကပ်ရောဂါ ကြုံရချိန်ကစလို့ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်ရေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကျန်းမာရေး ၀န်ထမ်းတွေ အပါအ၀င် ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *